မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခ Data စနစ်ဖြင့်  ပြောင်းကောက်မည်မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခကို Data စနစ်ဖြင့် ယခုလကုန် တွင် ကောက်ခံ တော့မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအင်တာ နက်သုံးစွဲခများကို ဖုန်းအမျိုးအစားအပေါ် မူတည်၍ ၁ မိနစ်လျှင် ၂ ကျပ်မှ ၄ ကျပ် အထိ ကောက်ခံလျက်ရှိနေပြီး Data စနစ်ကို ပြောင်းလဲပါက ယင်းနှုန်းထားများကို ပေးချေရတော့မည် မဟုတ်ဘဲ သုံးစွဲသည့် ဖိုင်ဆိုက်အပေါ် မူတည်၍သာ ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

''သာမန် စာဖတ်တာတို့ ဝက်ဘ်ဆိုက် ကြည့်တာတို့ ဆိုရင်တော့ ကုန်ကျ စရိတ်နည်းမှာပါ၊ Download ဆွဲတာတို့၊ ဗီဒီယိုကြည့်တာတို့ ဆိုရင်တော့ သတ်မှတ်ထားတဲ့ Mega Byte အပေါ် မူတည်ပြီး ပေးချေရမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ လက်ရှိတွင် အဆိုပါစနစ်အတွက် ငွေကြေးကောက်ခံမှု နှုန်းထားကို ညှိနှိုင်း လျက်ရှိပြီး ယခုလကုန်တွင် တရားဝင်ထုတ်ပြန်ပေးနိုင်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လတ်တလောအနေဖြင့် ယခင်ပုံစံအတိုင်းသာ သုံးစွဲ ခွင့်ပေးလျက် ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။ ''နိုင်ငံတကာမှာလည်း Data စနစ်ကို အခြေခံပြီး အင်တာနက်သုံး စွဲခကို ကောက်ခံနေကြပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီစနစ် ကို စတင် ဖော်ဆောင်တာပါ၊ လက်ရှိတော့ မိုဘိုင်းဖုန်းကိုပဲ ဦးစားပေးဆောင်ရွက်မှာပါ'' ဟု ၄င်းကဆက်ပြောသည်။
လက်ရှိတွင် ဂျီဖုန်းများအား ၁ မိနစ် ၂ ကျပ်၊ CDMA 800 MHz နှင့် WCDMA ဖုန်းများကို ၁ မိနစ် ၄ ကျပ်နှုန်း ကောက်ခံလျက်ရှိပြီး အင်တာ နက် လျှောက်ထားခကို ကျပ်တစ်သောင်းနှုန်းဖြင့် ကောက်ခံလျက်ရှိကာ သုံးစွဲသူ လေးသောင်းနီးပါးရှိကြောင်း ဆက်သွယ်ရေးမှ သိရသည်။ ''အင်တာနက် ကွန်နက်ရှင် ကောင်းမယ်ဆိုရင်တော့ ဒီစနစ်က မဆိုးပါဘူး၊ Download ဆွဲတဲ့နှုန်းထား လျှော့လျှော့ပေါ့ပေါ့ပဲ ကောက်ခံမယ်ဆိုရင် သုံးရတာ အဆင်ပြေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ မြန်နှုန်းလည်းမကောင်း၊ Download ဆွဲခလည်း ကြီးနေမယ်ဆိုရင်တော့ သုံးစွဲသူတွေအထိ နာကြမှာပါ'' ဟု ကျောက်တံတား မြို့နယ်မှ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ကိုအောင်သိန်းမြင့်က ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူအများစုမှာ အင်တာနက် မြန်နှုန်း ကောင်းမွန်သည့် အချိန်များတွင် အင်တာနက်မှ တစ်ဆင့် သီချင်းများ Download ဆွဲ ခြင်း၊ ဂိမ်းများ Download ဆွဲခြင်းများပြုလုပ် ကြပြီး မြန်နှုန်းကောင်းမွန်မှု မရှိသည့် နေ့ခင်းဘက်တွင် အင်တာနက် မသုံးကြကြောင်း သိရသည်။ "Downloadဆွဲခ သီးသန့် ကောက်ခံမယ်ဆိုရင် သာမန်အင်တာနက် ကြည့် ခတော့ အခမဲ့ပေးသင့်တယ် ထင်ပါတယ်'' ဟု အင်တာနက်သုံးစွဲသူ ကိုနိုင်လင်းက ၄င်းအမြင် ကိုပြောသည်။